ဗင်နီဇွဲလားက စီအိုင်အေလျှို့ဝှက်စစ်ဆင်ရေးတွေ ဘယ်ဆီဦးတည်နေလဲ
■ ၂၀၂၅ ခုနှစ် အောက်တိုဘာလ မ... See More
ဗင်နီဇွဲလားက စီအိုင်အေလျှို့ဝှက်စစ်ဆင်ရေးတွေ ဘယ်ဆီဦးတည်နေလဲ
■ ၂၀၂၅ ခုနှစ် အောက်တိုဘာလ မှာ Connect Burma က ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။
(ဘာသာပြန်ဆောင်းပါး)
ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ စီအိုင်အေလျှို့ဝှက်စစ်ဆင်ရေးတွေ လုပ်ဆောင်ခွင့်ပြုထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဗင်နီဇွဲလားနဲ့ ပတ်သက်ပြီး လက်ရှိသမ္မတ နီကိုလပ်စ် မာဒူရိုကို ရာထူးက ဖယ်ရှားရေးအတွက် အမေရိကန်အာဏာပိုင်တွေရဲ့ မဟာဗျူဟာမြောက် ကြံစည်နေမှုကို New York Times က စတင်ဖွင့်ချခဲ့တာပါ။
မကြာသေးမီ သီတင်းပတ်တွေအတွင်း ကာရေဘီယံပင်လယ်ပြင်က ဗင်နီဇွဲလားပိုင် သင်္ဘောတွေကို အမေရိကန်က အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ထရမ့်က အဆိုပါ ရေပြင်မှာ အမေရိကန် စစ်အင်အား တိုးချဲ့ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက်စစ်ရေး တင်းမာနေချိန်မှာ ဗင်နီဇွဲလားနယ်မြေကိုပါ မြေပြင်တိုက်ခိုက်မှု စတင်ပြုလုပ်ဖို့ စဥ်းစားနေတယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။
မာရူဒိုဘက်ကတော့ ဗုဒ္ဓဟူးနေ့ညက နိုင်ငံပိုင်ရုပ်သံကတဆင့် အခြေအနေတွေကို ဒီထက်ပို တင်းမာမလာအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ကြဖို့ ထည့်သွင်းပြောကြားသွားပါတယ်။
“အရှက်တကွဲ ကျဆုံးခဲ့တဲ့ အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျားက စစ်ပွဲတွေကို ပြန်လည်အမှတ်ရစေမယ့် အုပ်ချုပ်ရေးစနစ်တွေကို ငြင်းဆိုပါတယ်။ စီအိုင်အေက အာဏာသိမ်းဖို့ ကြိုးပမ်းတာကို ငြင်းဆန်ပါတယ်။ လက်တင်အမေရိက က သူတို့ကို မလိုချင်ဘူး၊ မလိုအပ်ဘူး၊ သူတို့ကို ငြင်းပယ်ပါတယ်” လို့ ထရမ့်ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ပြန်လည်ချေပခဲ့ပါတယ်။
ကြာသပတေးနေ့မှာလည်း ကာရေဘီယံရေပြင်က ဗင်နီဇွဲလား သင်္ဘောတစ်စင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်အစိုးရက ထပ်မံ ကြေညာခဲ့ပါတယ်။
ဆိုတော့ ဒီလိုအခြေအနေတွေအရ ထရမ့်အနေနဲ့ ဘာဆက်လုပ်ဖို့ စီစဥ်နေတာလဲ။ သူ့လုပ်ရပ်တွေဟာ တရားဝင်ပါသလား။
ဗင်နီဇွဲလားက ဘယ်လို တုံ့ပြန်ခဲ့ပါသလဲ။ လက်တင်အမေရိကမှာ စီအိုင်အေရဲ့ လျှို့ဝှက်စစ်ဆင်ရေးပုံစံတွေ ဘယ်လိုရှိခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းက လက်ရှိ ကျွန်ုပ်တို့ကို ဘာတွေပြောနေသလဲ....စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားပါမယ်။
■ ထရမ့်က ဘာတွေ ကြေညာခဲ့သလဲ
“စီအိုင်အေကို ဗင်နီဇွဲလားထဲ ဝင်ဖို့ ဘာကြောင့် ခွင့်ပြုခဲ့တာလဲ” လို့ သတင်းထောက်တစ်ဦးက အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ကို မေးပါတယ်။
ထရမ့်က အခုလို ပြန်ဖြေပါတယ်။
“တကယ်တော့ အကြောင်းအရင်း နှစ်ခုကြောင့် ခွင့်ပြုခဲ့တာပါ။ ပထမ အချက်က သူတို့ [ဗင်နီဇွဲလား] က သူတို့ရဲ့ အကျဉ်းထောင်တွေကို အမေရိကန်ပြည်ထောင်စုထဲ ထုတ်လွှတ်လိုက်လို့ပါ။ နောက်တစ်ချက်ကတော့ မူးယစ်ဆေးဝါး ပါ။ ဗင်နီဇွဲလားကနေ မူးယစ်ဆေးဝါး အများကြီး ဝင်လာနေတယ်။ ဗင်နီဇွဲလားက မူးယစ်ဆေးဝါး အများစုက ပင်လယ်ကနေ ဝင်လာတာ၊ အဲဒါကို မင်းတို့ မြင်ရမှာပဲ၊ ဒါပေမဲ့ မြေပြင်ကနေလည်း ရပ်တန့်သွားအောင် လုပ်တော့မှာပါ” လို့ ပြောခဲ့ပါတယ်။
အဲ့ဒီနောက် “စီအိုင်အေမှာ မာဒူရိုကို အာဏာကနေ ဖယ်ရှားပိုင်ခွင့်ရှိလား” ဆိုတဲ့မေးခွန်းကိုတော့ ထရမ့်က “အိုး...အဲဒီလိုမေးခွန်းကို ငါမဖြေချင်ဘူး။ ဒါက ငါ့အတွက် မေးဖို့ မသင့်တဲ့ မေးခွန်းပဲ။ အင်း...တကယ်တော့ မသင့်တော်တဲ့ မေးခွန်းတော့လည်း မဟုတ်ဘူး၊ ဒါပေမဲ့ ငါဖြေဖို့ မသင့်တော်တဲ့ မေးခွန်းပဲ။ ဒါပေမဲ့ အခုဆိုရင် ဗင်နီဇွဲလားက ဖိအားတွေ ခံစားနေရပြီလို့ ငါထင်တယ်” လို့ ဝေ့လည်ကြောင်ပတ် ဖြေပါတယ်။
■ အမေရိကန်က ဘယ်လို စစ်ဆင်ရေးတွေ လုပ်ဆောင်ပြီးပြီလဲ။
မူးယစ်ဆေးဝါး မှောင်ခိုမှုမှာ ပါဝင်နေတယ်လို့ စွပ်စွဲပြီး ဗင်နီဇွဲလားရေပိုင်နက်ရှိ သင်္ဘောတွေကို ခြောက်ကြိမ် တိုင်အောင် အမေရိကန်ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ စစ်ဆင်ရေးတွေကြောင့် အနည်းဆုံး (၂၇) ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေး (၆) ခုက...
- စက်တင်ဘာ ၂ ရက်။ ။ အမေရိကန်ရဲ့ ပထမဆုံး တိုက်ခိုက်မှုဖြစ်ပြီး လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။
- စက်တင်ဘာ ၁၅ ရက်။ ။ အမေရိကန်ရဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်ပြီး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
- စက်တင်ဘာ ၁၉ ရက်။ ။ အမေရိကန်ရဲ့ တတိယ တိုက်ခိုက်မှုဖြစ်ပြီး လူ ၃ ဦး ထပ်မံသေဆုံးပါတယ်။
- အောက်တိုဘာ ၃ ရက်။ ။ အမေရိကန်ရဲ့ စတုတ္ထမြောက် တိုက်ခိုက်မှုဖြစ်ပြီး သေဆုံးသူ ၄ ဦးအထိ ရှိခဲ့ပါတယ်။
- အောက်တိုဘာ ၁၄ ရက်။ ။ အမေရိကန်ရဲ့ ပဉ္စမအကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပြီး လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
- အောက်တိုဘာ ၁၆ ရက်။ ။ အမေရိကန်ရဲ့ဆဋ္ဌမမြောက် တိုက်ခိုက်မှုဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ အချို့ရှိတယ်လို့ အမေရိကန်အာဏာပိုင်တွေက ဆိုပါတယ်။
ထရမ့်နဲ့ အစိုးရအဖွဲ့ကတော့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ သင်္ဘောတွေဟာ အမေရိကန်ကို တင်ပို့မယ့် မူးယစ်ဆေးဝါးတွေ တကယ်သယ်ဆောင်ထားတယ်ဆိုတဲ့ သက်သေအထောက်အထား တစ်စုံတရာကို ယနေ့အချိန်ထိ အတိအလင်း ပြသထားခြင်း မရှိပါဘူး။
■ ကွန်ဂရက်ရဲ့ ခွင့်ပြုချက်မပါဘဲ လျှို့ဝှက် သို့မဟုတ် စစ်ရေးလှုပ်ရှားမှုတွေ စတင်နိုင်သလား
အမေရိကန်က ဗင်နီဇွဲလားသင်္ဘောတွေအပေါ် အခုလို တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်နိုင်သလို အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလည်း ဆန့်ကျင်နေတယ်လို့ ကျွမ်းကျင်သူတွေက Al Jazeera ကို ပြောကြားခဲ့ဖူးပါတယ်။
စီအိုင်အေ ကပဲ လုပ်လုပ်၊ အမေရိကန်စစ်တပ်ကပဲ လုပ်လုပ် ဗင်နီဇွဲလားမြေမှာ စစ်ဆင်ရေးလုပ်ဖို့ အခုလို အတိအလင်း ကြေညာလိုက်တာဟာ သမ္မတတစ်ဦးရဲ့ တရားဝင်လုပ်ပိုင်ခွင့်အတိုင်းအတာကို ရေပြင်ကျူးကျော်စစ်ပွဲတွေမှာ စမ်းသပ်တာထက် အများကြီး ကျော်လွန်သွားမယ့် အလားအလာရှိပါတယ်။
အဆိုပါ အမေရိကန်ရဲ့ သေစေနိုင်တဲ့အင်အားသုံးပြီး ပင်လယ်ပြင်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အခုလို စစ်ဆင်ရေးမျိုးဟာ အသက်ရှင်သန်ခွင့်ကို လေးစားရေးနဲ့ ဥပဒေ စိုးမိုးရေးကို ထည့်သွင်းစဥ်းစားမှုတွေ ရှိသင့်တယ်လို့ နယ်သာလန် Leiden University ရဲ့ တွဲဖက်ပါမောက္ခ ဆယ်လ်ဗာဒေါ ဆန်တီနို ရယ်ဂျီမဲ (Salvador Santino Regilme) က Al Jazeera မှာ ဝေဖန်ထောက်ပြထားပါတယ်။
“ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Convention on the Law of the Sea-UNCLOS) နဲ့ ၁၉၈၈ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးမှောင်ခိုမှု ကွန်ဗင်းရှင်းတွေ အရဆိုရင် ကနဦး သိမ်းကျုံးဖျက်ဆီးပစ်တာမျိုးထက် ပင်လယ်ပြင်မှာ ပူးပေါင်းဆောင်ရွက်မှု၊ သင်္ဘောပေါ်တက်ရောက်စစ်ဆေးမှုနဲ့ လိုက်လျောမှု၊ သဘောတူညီမှုရအောင် ဆောင်ရွက်ရေးဆိုတဲ့ စည်းမျဥ်းတွေကို ဦးစားပေးလိုက်နာရမှာ ဖြစ်ပါတယ်။ မူးယစ်မှောင်ခိုမှု သံသယရှိသူတွေကို သေဆုံးစေတဲ့ ဘယ်လို တိုက်ခိုက်မှုမဆို လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုကို ချက်ချင်းလုပ်ဆောင်ရမယ်” လို့ ရယ်ဂျီမဲက ဆိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှေ့နေ Bruce Fein ကမူ အဆိုပါ အမေရိကန်ရဲ့ ပင်လယ်ပြင်စစ်ဆင်ရေးတွေကို ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
“ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာကလွဲလို့ ဘယ်လိုအခြေအနေမှာမဆို စစ်တပ်ကိုသုံးမယ်ဆိုရင် ကွန်ဂရက်ရဲ့ တရားဝင်ခွင့်ပြုချက်လိုအပ်တယ်။ ဗင်နီဇွဲလား မူးယစ်မှောင်ခိုသမားတွေလို့ စွပ်စွဲခံရသူတွေကို စစ်တပ်နဲ့ တိုက်ခိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တယ်” လို့ Fein က ပြီးခဲ့တဲ့လက Al Jazeera ကို ပြောခဲ့ပါတယ်။
၁၉၇၃ ခုနှစ် စစ်အာဏာဆိုင်ရာ ဆုံးဖြတ်ချက် (War Powers Resolution) ဆိုတဲ့ ဖက်ဒရယ်ဥပဒေဟာ အမေရိကန်သမ္မတတစ်ဦးအနေနဲ့ စစ်ပွဲမစတင်ခင်မှာ ကွန်ဂရက်ရဲ့ ခွင့်ပြုချက်ရယူဖို့ လိုအပ်ကြောင်း ပြဌာန်းထားတာပါ။
ဒီဥပဒေအရ အမေရိကန်သမ္မတဟာ စစ်ရေးလှုပ်ရှားမှု တစ်ခုခုကို စတင်ချိန်ကနေ ၄၈ နာရီအတွင်း ကွန်ဂရက်ကို အကြောင်းကြားဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ထရမ့်ကတော့ ကွန်ကရက်ရဲ့ အတည်ပြုမှုကို ရယူခဲ့ခြင်း မရှိပါဘူး။
သူ့ရဲ့ သက်တမ်းအစမှာကတည်းက ထရမ့်က ဗင်နီဇွဲလား မူးယစ်ဆေးဝါးဂိုဏ်းတွေကို ပြည်ပအကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီလို သတ်မှတ်မှုကိုယ်တိုင်ကကို တရားမဝင်ဘူးလို့ Fein က ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ “နိုင်ငံခြားအကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်တဲ့ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာကြောင့်ပါ။
အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ “နိုင်ငံခြားအကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်နိုင်ဖို့ စံနှုန်းတွေမှာ အကြမ်းဖက်မှုကျူးလွန်တဲ့ အဖွဲ့ဟာ အမေရိကန် ပြင်ပမှာ အခြေစိုက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ရဲ့ လုပ်ရပ်တွေဟာ အမေရိကန် နိုင်ငံသားတွေရဲ့ လုံခြုံရေး ၊ ဒါမှမဟုတ် အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ အချက် ခိုင်လုံမှ ရမှာပါ။
အထက်ပါ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတွေကိုယ်တိုင်က သက်သေပြစရာ မရှိကြောင်း ပြောကြားထားပေမဲ့ ထရမ့်ကတော့ ဗင်နီဇွဲလား မူးယစ်ဂိုဏ်းတွေရဲ့ နောက်ကွယ်မှာ မာဒူရိုရဲ့ ယန္တရားရှိနေတယ်လို့ ထပ်တလဲလဲ စွပ်စွဲထားပါတယ်။
■ ဗင်နီဇွဲလား ဘယ်လို တုံ့ပြန်ခဲ့သလဲ
ဗင်နီဇွဲလားဘက်ကလည်း အမေရိကန်ဟာ နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း တို့ကို ချိုးဖောက်နေတယ်လို့ ပြန်လည်ပြောဆိုထားပါတယ်။
ဒါ့အပြင် ဗင်နီဇွဲလား သမ္မတ မာဒူရိုက စစ်သည်တစ်သန်း အင်အားရှိပြည်သူ့စစ်တပ်ကို နေရာချထားတယ်လို့ ကြေညာခဲ့ပါတယ်။ စက်တင်ဘာလအစောပိုင်းကတည်းက နိုင်ငံတစ်ဝန်းက စစ်နေရာ (၁၈၄) နေရာ မှာ စစ်တပ်၊ ရဲ၊ နဲ့ အရပ်သားကာကွယ်ရေးတပ်တွေကို နေရာဖြန့်ကျက်ချထားတယ်လို့ ဆိုခဲ့ပါတယ်။
အဲဒီတစ်လအတွင်းမှာပဲ “လိုအပ်ရင် စစ်တိုက်ဖို့ အသင့်ရှိတယ်” လို မာဒူရိုက Ciudad Caribia မှာ ကြေညာခဲ့ပြီး သူ့အစိုးရအနေနဲ့ “နာဇီ အစွန်းရောက်လှုပ်ရှားမှုတွေ” ကို “ရှေ့တန်းကနေ တိုက်ထုတ်မယ်။ ဗင်နီဇွဲလားကို နာဇီတွေက ၁၉၄၂ ခုနှစ်ကနေ ၁၉၄၄ ခုနှစ်အတွင်းမှာ ကာရေဘီယံကနေ ကျူးကျော်တိုက်ခိုက်ခဲ့ဖူးတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “ကျုပ်တို့ဟာ ဗြိတိသျှအင်ပါယာရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ သူတို့က သင်္ဘော ၂၁ စင်း စေလွှတ်ပြီး တိုက်ခိုက်တာကို လက်ဗလာနဲ့ ကျုပ်တို့လူတွေက တုတ်တွေ ဓားတွေ ကျောက်ခဲတွေနဲ့ ပြန်လည်ခုခံပြီး အနိုင်ရခဲ့တယ်။ ကျုပ်တို့ ငတုံးတွေမဟုတ်ခဲ့ဘူး။ ဘယ်တော့မှလည်း အဲ့လို ဖြစ်လာမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။
တချိန်တည်းမှာပင် သူ့ရဲ့ အစိုးရ ဝါဒဖြန့်ချိရေး လှုပ်ရှားမှုကို အရှိန်မြှင့်ခဲ့ပါတယ်။ စစ်သားတွေ အမျိုးသမီး၊ အမျိုးသားတွေ၊ သက်ကြီးရွယ်အိုတွေ စစ်ရေးလေ့ကျင့်တာ သေနတ်ပစ်ကျင့်တာ စတဲ့ ဗီဒီယိုဖိုင်တွေကို ထုတ်လွှင့်ပြသပါတယ်။
ဗင်နီဇွဲလား နိုင်ငံရေးသိပ္ပံပညာရှင် ကာလို့စ် ပီနာ Carlos Pina က ထရမ့်ရဲ့ ကြေညာချက်ဟာ ပြည်တွင်းက မာဒူရိုရဲ့ နိုင်ငံရေးအင်အားကို ပိုပေါင်းစည်းအောင် လုပ်ပေးလိုက်သလိုပဲလို့ သုံးသပ်ပါတယ်။
"ဒီနေ့မှာ ဗင်နီဇွဲလားသမ္မတက ဗင်နီဇွဲလားရဲ့ ပြည်တွင်းရေးမှာ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ထပ်မံ ရှုတ်ချခဲ့ပါတယ်။ အထူးသဖြင့် ဝါရှင်တန်ရဲ့ လွှမ်းမိုးမှုတွေကို ဆန့်ကျင်ဖို့အတွက် လက်ဝဲအစိုးရတွေနဲ့ ပါတီအများအပြား အတိတ်မှာ အသုံးပြုခဲ့တဲ့ ကိုလိုနီဆန့်ကျင်ရေး မိန့်ခွန်းမျိုးနဲ့ ဆင်တူပါတယ်။ ဒါကဘာဖြစ်စေလဲဆိုတော့ ထရမ့်ရဲ့ ကြေညာချက်ဟာ ဗင်နီဇွဲလားအစိုးရကို သူလက်ရှိလုပ်ဆောင်နေတဲ့ ပြည်တွင်း ဖိနှိပ်မှုတွေနဲ့ ထောက်လှမ်းရေး ယန္တရားကို ပိုအားကောင်းအောင် မြှင့်ပေးလိုက်သလိုပါပဲ။ ဒီတော့ ပြည်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုအများအပြား ထပ်မံကြုံတွေ့လာဖို့သာရှိတော့တယ်” လို့ ပီနာက ဆိုပါတယ်။
■ အခြား လက်တင်အမေရိက နိုင်ငံတွေက ဘယ်လိုတုံ့ပြန်ခဲ့သလဲ
ကိုလံဘီယာသမ္မတ ဂူစတာဗို ပီထရို (Gustavo Petro) ဗုဒ္ဓဟူးနေ့က ထရမ့်ရဲ့ ကြေညာချက်ဟာ နောက်ဆက်တွဲ သူတို့နိုင်ငံကိုပါ ရိုက်ခတ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
"ရိုးရိုးသားသားပြောရရင် လက်ရှိဗင်နီဇွဲလားအစိုးရ ကျင့်သုံးနေတဲ့ မူဝါဒတွေကို ကျနော်မထောက်ခံပါဘူး... ဒါပေမဲ့ ကိုလံဘီယာအပေါ် သက်ရောက်လာနိုင်ခြေတွေရှိနေတယ်။ ဒီနေ့ကြေညာခဲ့တယ်လေ။ စီအိုင်အေအေးဂျင့်တွေ ဒါမှမဟုတ် အမေရိကန်မရိန်းတပ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေး ဒုံးကျည်တွေဟာ မူးယစ်ဆေးဝါးဂိုဏ်းသားတွေကို ဦးတည်ပစ်ခတ်နှိမ်နင်းနေတာပါလို့ ဘယ်လိုပဲ ဆိုဆို ကျနော်တို့အားလုံး သိနေတာက ဒီလူတွေဟာ အရပ်သားလက်နက်မဲ့တွေ ဆိုတာပါပဲ။ ဒီတော့ ဒီကျည်ဆန်တွေ နယ်စပ်ဖြတ်ကျော်ပြီး ကိုလံဘီယာမြေပေါ် ကျလာရင်တော့ ကျုပ်တာဝန်ဖြစ်လာတော့မယ်” လို့တောင်ပိုင်း Putumayo ဌာနက ကျင်းပတဲ့ ပွဲမှာ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး “ဒီလိုဖြစ်လာခဲ့ရင်တော့ ယခင်က ကာလရှည်ကြာ ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်ခဲ့တဲ့ ကိုလံဘီယာအစိုးရနဲ့ FARC-EP တို့အကြား 2016 က ထားရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် (Colombian resolution) ကို ဆန့်ကျင်တဲ့ ဖြစ်ရပ်လို့ သတ်မှတ်ရမှာပဲ” လို့ သူက ဆိုပါတယ်။
■ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန် ကျူးကျော်မှုတွေနဲ့ CIA ရဲ့ စစ်ဆင်ရေးများ
အမေရိကန် စီအိုင်အေဟာ လက်တင်အမေရိကမှာ လျှို့ဝှက်စစ်ဆင်ရေးများစွာ၊ အာဏာသိမ်းမှုများစွာ၊ လုပ်ကြံသတ်ဖြတ်မှုမျိုးစုံနဲ့ ဝါဒဖြန့်လှုပ်ရှားမှု အမြောက်အများကို ၁၉၄၀ ပြည့်နှစ်တွေကတည်းက လုပ်ဆောင်နေခဲ့တာပါ။ ဒီဒေသမှာ စီအိုင်အေက လမ်းဖွင့်ပေးခဲ့တဲ့ အမေရိကန်ကျူးကျော်မှု များစွာလည်း ရှိခဲ့ပါတယ်။
■ လက်တင်အမေရိကမှာ စီအိုင်အေရဲ့ သမိုင်းကြောင်းက ဘာလဲ။
လက်ရှိမှာ အမေရိကန်က ဗင်နီဇွဲလားအပေါ် ဘယ်လို ကိုင်တွယ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ရသေးပေမဲ့ သမိုင်းကြောင်းတလျှောက် ပြန်ခေါက်ကြည့်မယ်ဆိုရင် ကာရေဘီယံ၊ တောင်အမေရိကနဲ့ အမေရိကအလယ်ပိုင်းဒေသတွေမှာ စီအိုင်အေရဲ့ စစ်ဆင်ရေးပုံစံတွေက ရှေ့မှာဖြစ်လာနိုင်တဲ့ အလားအလာတချို့နဲ့ ပတ်သက်ပြီး သဲလွန်စရပါလိမ့်မယ်။
၁၈၀၀ ပြည့်လွန်နှစ် နောက်ပိုင်းကနေ ၂၀ ရာစု အစောပိုင်း ကာလတွေမှာ အမေရိကန်အစိုးရဟာ Banana Wars လို့ ခေါ်ကြတဲ့ အမေရိကအလယ်ပိုင်းဒေသတွေကို စစ်ရေးအရဝင်ရောက်ကျူးကျော်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ဒီဒေသတွေမှာ လာရောက်လုပ်ကိုင်တဲ့ အမေရိက အရင်းရှင်ကော်ပိုရိတ်ကြီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ပါ။
၁၉၃၄ ခုနှစ်မှာ သမ္မတ Franklin D Roosevelt လက်ထက် “Good Neighbor Policy” (အိမ်နီးချင်းကောင်းမူဝါဒ) လို့ လူသိများတဲ့ မူဝါဒ တရပ်ရေးဆွဲခဲ့ပါတယ်။ ဒီမူဝါဒမှာ လက်တင်အမေရိကနိုင်ငံတွေကို ကျူးကျော်ခြင်း သို့မဟုတ် သိမ်းပိုက်ခြင်းမပြုဖို့နဲ့ ဒီနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေးဆိုတဲ့ ကတိကဝတ်တွေ ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီကတိကဝတ်တွေကို အချိန်အတော်ကြာကြာ မတည်နိုင်ခဲ့သူက အမေရိကန်သာ ဖြစ်ပါတယ်။
အထူးသဖြင့် စစ်အေးကာလတလျှောက် လက်တင်အမေရိကနိုင်ငံတွေမှာ သူတို့ကိုယ်တိုင်ကိုယ်ကျ ရွေးကောက်တင်မြှောက်ခံထားတဲ့ လက်ဝဲယိမ်းခေါင်းဆောင်တွေကို သူတို့နေရာတွေကနေ ဖယ်ရှားဖို့ အမေရိကန်က ရန်ပုံငွေအမြောက်အများ သုံးစွဲပြီး စစ်ဆင်ရေးများစွာ လုပ်ခဲ့ပါတယ်။
ဒီလုပ်ဆောင်မှုတွေထဲက အချို့အဖြစ်အပျက်တွေကို သာဓက ပြပါမယ်။
■ ဂွာတီမာလာ (၁၉၅၀ ပြည့်နှစ်များ)
ဂွာတီမာလာမှာ ၁၉၅၄ ခုနှစ်အတွင်း ရွေးကောက်ခံ သမ္မတ ဂျက်ကော့ဘို အာဘန်ဇ် (Jacobo Arbenz) ကို ဒေသခံတိုက်ခိုက်ရေးအဖွဲ့တွေက ဖြုတ်ချခဲ့ပါတယ်။ ဒီအဖွဲ့တွေကို ထောက်ပံ့ပေးထားတာက အမေရိကန်သမ္မတ Dwight Eisenhower လက်အောက်က စီအိုင်အေ ပဲဖြစ်ပါတယ်။
ထိုစဥ်က လက်ဝဲယိမ်းသမ္မတဟောင်း အာဘန်ဇ် Arbenz ဟာ ကုမ္ပဏီတစ်ခုကို ပြည်သူပိုင်သိမ်းဖို့ ကြိုးပမ်းခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် ဂွာတီမာလာမှာ ဆိုရှယ်လစ်လမ်းစဥ်တွေ ပေါ်ပေါက်လာမှာကို အမေရိကန်က အတော်လေး စိုးရိမ်ခဲ့ပြီး ဒါကိုတားဆီးဖို့ စီအိုင်အေက နောက်ကွယ်ကကြိုးကိုင်ခဲ့တာပါ။
CIA ရဲ့ Operation PBSuccess ဆိုတဲ့ စစ်ဆင်ရေးအောက်မှာ စစ်ဘက်အရာရှိ Carlos Castillo Armas ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေကို အမေရိကန်စီအိုင်အေက သေချာလေ့ကျင့်ပေးခဲ့ပြီး အာဏာသိမ်းစေခဲ့ပါတယ်။ ဒီလိုနဲ့ ဂွါတီမာလာမှာ ၁၉၆၀ ကနေ ၁၉၉၆ ခုနှစ်အတွင်း ဂွာတီမာလာ အာဏာသိမ်းစစ်တပ်နဲ့ လက်ဝဲသူပုန်တို့အကြား ပြည်တွင်းစစ် ကာလကြာရှည်ဖြစ်ပွားခဲ့ပါတယ်။
■ ကျူးဘား (၁၉၆၀ ပြည့်နှစ်များ)
ကျူးဘားမှာ ၁၉၅၉ ခုနှစ်က ကျူးဘားကွန်မြူနစ်ပါတီခေါင်းဆောင် Fidel Castro ဟာ အာဏာရှင် Fulgencio Batista ကိုဖြုတ်ချပြီးနောက် အာဏာရလာတယ်။
ဒီအချိန်မှာ အမေရိကန်သမ္မတ Eisenhower လက်ထက်ဖြစ်ပြီး Castro ကို ဖြုတ်ချဖို့အတွက် ပြည်ပရောက် ကျူးဘားတွေကို စီအိုင်အေကပဲ စနစ်တကျ အစီအစဥ်ရေးဆွဲပြီး လေ့ကျင့်သင်တန်းပေးခဲ့ပါတယ်။
အမေရိကန်ရဲ့ ၁၉၆၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်သမ္မတ John F Kennedy က သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုမှုမှာ အဆိုပါ အစီအစဉ်အကြောင်း အကျဉ်းချုံး ထည့်သွင်းပြောခဲ့ပါသေးတယ်။
အဆိုပါ စီအိုအေကျောထောက်နောက်ခံပြု စစ်စခန်းတွေကို ကျူးဘားထောက်လှမ်းရေးက တဆင့် Castro က သိခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ Castro ကို ဖြုတ်ချဖို့အတွက် ကျူးဘားပြည်ပရောက် စီအိုင်အေလေ့ကျင့်ပေးလိုက်သူတွေအတွက် အစီအစဥ်တရပ်ဖြစ်တဲ့ Bay of Pigs Invasion ကို အမေရိကန်သမ္မတ Kennedy က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမဲ့ တကယ်တမ်း ကျူးကျော်စစ်ဆင်နွှဲတဲ့အခါ မအောင်မြင်ခဲ့ပါဘူး။
■ ဘရာဇီး (၁၉၆၀ ပြည့်နှစ်များ)
ဘရာဇီးမှာ ၁၉၆၁ ခုနှစ်အတွင်း လူမှု-စီးပွား ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ ကြွေးကြော်ရင်း Joao Goulart သမ္မတဖြစ်လာပါတယ်။ သူဟာ ကျူးဘား လိုမျိုး ဆိုရှယ်လစ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး အမေရိကန်ပိုင် နိုင်ငံတကာ တယ်လီဖုန်းနဲ့ ကြေးနန်း (ITT) ရဲ့လုပ်ငန်းခွဲတစ်ခုကို နိုင်ငံပိုင်သိမ်းခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်စီအိုင်အေက အမေရိကန်လိုလားတဲ့ နိုင်ငံရေးသမားတွေနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအုပ်စုတွေကို အထောက်အပံ့များစွာ ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် Goulart ရဲ့ ခေါင်းဆောင်မှု အားပျော့စေခဲ့ပြီး ၁၉၆၄ ခုနှစ်အရောက်မှာတော့ အမေရိကန်ကြည်ဖြူသော စစ်အာဏာသိမ်းမှုတစ်ခု အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
■ အီကွေဒေါ (၁၉၆၀ ပြည့်နှစ်များ)
၁၉၂၅ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အတွင်း (၂၂) နှစ်အတွင်း သမ္မတ (၂၇) ဦးပြောင်းခဲ့ရတဲ့ အီကွေဒေါဟာ အရှည်ကြာဆုံး နိုင်ငံရေးမတည်ငြိမ်တဲ့ နိုင်ငံတစ်နိုင်ဖြစ်ခဲ့ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာတော့ တည်ငြိမ်မှု ရှိလာတဲ့ ကာလလို့ ပြောနိုင်ပါတယ်။
ဒါပေမဲ့ ဒီတည်ငြိမ်မှုက ကြာရှည်မခံခဲ့ပါဘူး။ ၁၉၆၀ အစောပိုင်းနှစ်ကာလတွေမှာ အမေရိကန်အစိုးရဟာ ဆိုဗီယက်အစုအဖွဲ့နဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ သမ္မတ Jose Velasco Ibarra နဲ့ ဒုသမ္မတ Carlos Julio Arosemena တို့ရဲ့ကျူးဘားနည်းတူ မူဝါဒတွေကို စိုးရိမ်လာပါတယ်။
ဒီတော့ CIA က အမေရိကန် အလုပ်သမား အဖွဲ့အစည်းတွေကို ကြားခံအဖြစ်သုံးပြီး အီကွေဒေါနိုင်ငံအတွင်း ကွန်မြူနစ်ဝါဒဆန့်ကျင်ရေး စိတ်ဓာတ်တွေ သွတ်သွင်းဖို့ အဖွဲ့အစည်းတော်တော်များများကို ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။
“နောက်ဆုံးတော့ အီကွေဒေါက လူတိုင်းက စီအိုင်အေ အလိုကျ ဖြစ်လာရတာပါပဲ” လို့ CIA အေးဂျင့်တစ်ဦးက လက်တင်အမေရိကရှိ အေဂျင်စီရဲ့ လုပ်ဆောင်မှုတွေကို အကဲဖြတ်ဖို့ CIA ကခန့်ထားတဲ့ Roger Morris ကို ၂၀၀၄ ခုနှစ်က ပြောခဲ့ပါတယ်။
ဒုသမ္မတ Arosemena ဟာ သမ္မတ Ibarra ကို အာဏာသိမ်းဖို့ အရင်ဆုံး လုပ်ဆောင်ခဲ့ပြီးနောက် သူ့ရာထူးကို တည်ငြိမ်အောင်မလုပ်ခင်မှာ လက်ဝဲဘက်ကို သိသိသာသာ ယိမ်းခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၃ ခုနှစ်မှာ စစ်တပ်က ထပ်မံ အာဏာသိမ်းခဲ့ပြီး ကွန်မြူနစ်ပါတီကို အာဏာနဲ့ ဖယ်ရှားလိုက်သလို ကျူးဘားနဲ့ အဆက်သွယ်ဖြတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အမေရိကန် အကျိုးစီးပွားနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။
■ ဘိုလီးဗီးယား (၁၉၆၀၊ ၁၉၇၀ ပြည့်နှစ်များ)
ဘိုလီးဗီးယားနိုင်ငံရေးမှာ အမေရိကန်ရဲ့ သြဇာလွှမ်းနိုင်ဖို့ ၁၉၆၃-၆၄ ခုနှစ်ကြားကာလတွေအတွင်း စီအိုင်အေ ကတဆင့် လျှို့ဝှက်ရန်ပုံငွေ အမြောက်အများ သုံးစွဲခဲ့ပါတယ်။
ရန်ပုံငွေတွေကို အမေရိကန်အကျိုးလိုလားတဲ့ ခေါင်းဆောင်တွေကိုပဲ ရွေးချယ်ထောက်ပံ့ခဲ့ပြီဂ ၁၉၆၄ ခုနှစ် နိုဝင်ဘာလမှာတော့ ရွေးကောက်ခံသမ္မတ Victor Paz Estenssoro ကို စစ်ဗိုလ်ချုပ်ကြီး Rene Barrientos Ortuno က စစ်အာဏာသိမ်းဖို့ အားပေးခဲ့ပါတယ်။ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ဒီအာဏာသိမ်းမှု အထမြောက်ခဲ့ပြီး သမ္မတ Estenssoro လည်း ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ ဒီအခြေအနေမှာတော့ ဘိုလီးဗီးယားအပေါ် အမေရိကန်တွေ ဝင်ရောက်စွက်ဖက်တာ မတွေ့ရတော့ပါဘူး။
ဒါပေမဲ့ ၁၉၇၀ ပြည့်လွန်နှစ် အစောပိုင်းကာလတွေမှာ ဝါရှင်တန်က ဘိုလီးဗီးယားမှာ နောက်ထပ်အစိုးရအပြောင်းအလဲဖြစ်ဖို့ တဖန်မျက်စိကျလာပြန်တယ်။ ဒီအကြိမ်မှာတော့ သူတို့ရဲ့ ပစ်မှတ်က ၁၉၇၀ ခုနှစ်မှာ အာဏာရလာပြီး ဘိုလီးဗီးယားက အမေရိကန်ကုမ္ပဏီတွေကို နိုင်ငံပိုင်လုပ်ခဲ့တဲ့ သမ္မတ Juan Jose Torres ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ တရားဝင်မှတ်တမ်းအရ La Paz မှာရှိတဲ့ အမေရိကန်သံအမတ်က ၁၉၇၁ ခုနှစ် ဇွန်လမှာ လက်ရှိဘိုလီးဗီးယားသမ္မတ Torres ကို ဆန့်ကျင်နေသူတွေအပေါ် ထောက်ပံ့ပေးဖို့ ဝါရှင်တန်ကို တိုက်တွန်းခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အိမ်ဖြူတော်က ဒေါ်လာ ၄၁၀,၀၀၀ ကို Torres ကို ဆန့်ကျင်တဲ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင်တွေအတွက် လျှို့ဝှက်ထောက်ပံ့ပေးခဲ့ပါတယ်။ အမေရိကန် အစိုးရအုပ်ချုပ်ရေးရဲ့ အဆိုပါ လျှို့ဝှက်ထောက်ပံ့မှုတွေကို ဝေဖန်ကြသူတွေကတော့ ဒီငွေတွေကို “အာဏာသိမ်းကြေး” (coup money) အဖြစ် သမုတ်လေ့ရှိပါတယ်။
အဆိုပါ ထောက်ပံ့မှု ပေးအပ်ပြီး ၂ လအကြာမှာတော့ သမ္မတ Torres ကို စစ်ခေါင်းဆောင် Hugo Banzer က အာဏာသိမ်းလိုက်ပါတယ်။
အဆိုပါ အာဏာသိမ်းမှုက အောင်မြင်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကို အမေရိကန်က ဆက်လက်ထောက်ပံ့ပေးခဲ့ပြီး ၁၉၇၈ ခုနှစ်အထိ Banzer က အာဏာရယူခဲ့ပါတယ်။
နောက်ထပ် ဆယ်စုနှစ် နှစ်ခုနီးပါးအကြာမှာ Banzer က ၁၉၉၇ ခုနှစ် ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရပြီး အာဏာတစ်ခါ ပြန်ရခဲ့ပါတယ်။
■ ချီလီ (၁၉၇၀ ပြည့်နှစ်များ)
ချီလီမှာ ရွေးကောက်ခံသမ္မတ လက်ဝဲခေါင်းဆောင် Salvador Allende ကို ဖြုတ်ချဖို့အတွက်လည်း စီအိုင်အေက ထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်။
သမ္မတ Allende ဟာ ချီလီကြေးနီကုမ္ပဏီတွေကို လက်ဝါးကြီးအုပ်ထားတဲ့ အမေရိကန်ပုဂ္ဂလိက ကုမ္ပဏီတွေကို နိုင်ငံပိုင်လုပ်ဖို့ ပြင်ဆင်ခဲ့တာကြောင့် စီအိုင်အေက ကွန်မြူနစ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ စနစ်တကျ ပြန့်ပွားစေဖို့ ငွေအမြောက်အများ သုံးစွဲခဲ့တာပါ။
စီအိုင်အေရဲ့ ထောက်ပံ့မှုနဲ့ ၁၉၇၃ ခုနှစ် စစ်အာဏာသိမ်းမှုကို စစ်ဗိုလ်ချုပ်ကြီး Augusto Pinochet ဦးဆောင်ခဲ့ပြီး သမ္မတ Allende လည်း အဖမ်းမခံရမီ သူ့ကိုယ်သူ AK-47 ရိုင်ဖယ်သေနတ်သုံးပြီး သတ်သေခဲ့ပါတယ်။ သူသေဆုံးရတဲ့ အကြောင်းရင်းမှန်နဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ အတည်ပြုဖို့ ခက်ခဲခဲ့ပါတယ်။
အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ Augusto Pinochet ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ဟာ ချီလီမှာ ၁၇ နှစ်ကြာ မွှေနှောက်ဖျက်ဆီးခဲ့ပါတယ်။
■ Operation Condor (၁၉၇၀ ပြည့်နှစ်များ)
1975 ခုနှစ်မှာ CIA က လက်တင်အမေရိက နိုင်ငံ (၆) နိုင်ငံမှာ လက်ယာစွန်း စစ်အာဏာရှင်စနစ်ကို ထောက်ခံအားပေးပြီး Operation Condor (ကွန်ဒေါစစ်ဆင်ရေး) လို့ ခေါ်တဲ့ နိုင်ငံဖြတ်ကျော်အကြမ်းဖက်ကွန်ရက်ကြီး တစ်ခု စနစ်တကျ တည်ထောင်ခဲ့ပါတယ်။ အမေရိကန်သမ္မတ Gerald Ford လက်ထက်မှာ စတင်ခဲ့တာပါ။
ဒီ ၆ နိုင်ငံဟာ အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ ချီလီ၊ ဥရုဂွေး၊ ပါရာဂွေး စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက်က အမေရိကန်နဲ့ နိုင်ငံရေးသဘောထား ဆန့်ကျင်သူတွေ၊ လက်ဝဲအယူမြင်ရှိသူတွေ၊ ကွန်မြူနစ်လမ်းစဥ်ကို ယုံကြည်သူတွေကို အမြစ်ဖြတ်ချေမှုန်းရေး ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကို အဓိက ထောက်ပံ့ပေးခဲ့တာက လက်တင်အမေရိကနိုင်ငံတွေရဲ့ စစ်အာဏာရှင်တွေပါတယ်။ သူတို့က နိုင်ငံဖြတ်ကျော်ကွန်ရက်ကတဆင့် ဆန့်ကျင်သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စောင့်ကြည့်ထိန်းချုပ်ဖို့နဲ့ သတင်းအချက်အလက်တွေကို တနေရာတည်းမှာ ထည့်သွင်းပြီး လိုသလို အသုံးပြုဖို့ အပြန်အလှန် သဘောတူခဲ့ကြပါတယ်။
ဒီနယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုကွန်ရက် Operation Condor မှာ သုံးခဲ့တဲ့ နည်းလမ်းတွေမှာ ထောက်လှမ်းရေးသတင်းတွေ အပြန်အလှန်ဖလှယ်မှု၊ သတင်းအချက်အလက် မျှဝေမှု၊ အကျဥ်းသားတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုနည်းနာ စတဲ့ ရက်စက်ကြမ်းကြုတ်မှုလုပ်ငန်းစဥ်တွေကို ဝေမျှတာတွေ ပါဝင်ပါတယ်။
ဒီစစ်ဆင်ရေးကြောင့် အနည်းဆုံး လူ (၉၇) ဦး မတရားနှိပ်စက်သတ်ဖြတ်ခံခဲ့ရတယ်လို့ လက်တင်အမေရိကအဖွဲ့အစည်းတွေနဲ့ အောက်စဖို့ဒ်တက္ကသိုလ်တို့ ပူးတွဲလေ့လာချက်အရ သိရပါတယ်။
■ အယ်ဆာဗေဒေါ (၁၉၈၀ ပြည့်နှစ်များ)
၁၉၈၁ ခုနှစ် ဒီဇင်ဘာလမှာ Salvadoran စစ်တပ်ရဲ့ ထိပ်တန်း Atlacatl တပ်ရင်းက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ရွာသား ၁၀၀၀ ကျော် နေထိုင်တဲ့ အယ်မိုဇုတ်ရွာ တစ်ရွာလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။
၁၉၈၀ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အကြား အယ်ဆာဗေဒေါမှာ ၁၂ နှစ်တာ ပြည်တွင်းစစ်ဖြစ်ခဲ့တာပါ။
Atlacatl တပ်ရင်းကို အဓိက လေ့ကျင့်ပေး၊ ထောက်ပံ့ပေးထားတာက အမေရိကန်အစိုးရပါ။ လက်တင်အမေရိကမှာရှိတဲ့ လက်ဝဲတော်လှန်ရေးသမားတွေကို နှိမ်နှင်းဖို့အတွက် အမေရိကန်ရဲ့ စစ်အေးတိုက်ပွဲ မူဝါဒတွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ယာစွန်းစစ်အာဏာရှင်တွေကို သေသေချာချာ လေ့ကျင့်ပျိုးထောင်ခဲ့ပါတယ်။ ဒီနည်းနဲ့ ၁၉၈၀ ကနေ ၁၉၈၂ ခုနှစ်အကြား အယ်ဆာဗေဒေါ နိုင်ငံရဲ့ စစ်အာဏာရှင်တွေကို အမေရိကန်အစိုးရက အကြီးစားထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
■ ဂရီနေဒါ (၁၉၈၀ ပြည့်နှစ်များ)
ကာရေဘီယံကျွန်းငယ်လေးတစ်ခုရဲ့ ၀န်ကြီးချုပ် Maurice Bishop ဟာ ၁၉၇၉ ခုနှစ် အာဏာစရလာချိန်မှာ မာ့က်စ်-လီနင်ဝါဒ လမ်းစဥ်တွေကို စတင်ခဲ့ပါတယ်။
၁၉၈၀ အစောပိုင်းနှစ်ကာလတွေမှာ ဂရီနေဒါ နိုင်ငံအပေါ် ကျူးဘားရဲ့ လွှမ်းမိုးမှုကို အမေရိကန်က စိုးရိမ်စပြုလာတယ်။
၁၉၈၃ ခုနှစ် အောက်တိုဘာလမှာတော့ Bishop ရဲ့ ပါတီတွင်း ခေါင်းဆောင်နေရာ ပဋိပက္ခတွေကို အခွင့်ကောင်းယူပြီး အမေရိကန်စစ်တပ်က ဂရီနေဒါကို ကျူးကျော်ဝင်ရောက်ပြီး ကျူးဘားနိုင်ငံသားတွေကို ဖမ်းဆီးခဲ့သလို ဂရီနေဒါရဲ့ နိုင်ငံရေးမူဝါဒအားလုံးဟာ အမေရိကန်လမ်းစဥ်နဲ့ ကိုက်ညီဖို့ ဖိအားပေးခဲ့ပါတယ်။
■ ပနားမား (၁၉၈၀ ပြည့်လွန်နှစ်များ)
အမေရိကန်ရဲ့ ရီပတ်ပလီကန် သမ္မတ George HW Bush လက်ထက် ၁၉၈၉ ခုနှစ်မှာ ပနားမားကို အမေရိကန်စစ်တပ်က ကျူးကျော်ခဲ့ပါတယ်။ ဒီကျူးကျော်မှုကို Operation Just Cause လို့ အမည်တပ်ခဲ့ပါတယ်။
ဆိုးဝါးပြင်းထန်တဲ့ ကျူးကျော်မှုတွေနဲ့ ပနားမား သမ္မတ Manuel Noriega ကို ဖယ်ရှားခဲ့ပြီး နောက်မှာတော့ မူးယစ်ဆေးဝါး မှောင်ခိုမှုလို့ စွပ်စွဲခဲ့ပါတယ်။
■ နောက်ထပ် ဗင်နီဇွဲလားနဲ့ ဒေသတွင်းနိုင်ငံတွေ ကြုံလာနိုင်မယ့် အမေရိကန်ရဲ့ အန္တရာယ်
အခုလက်ရှိ ဗင်နီဇွဲလား ကြုံနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လက်တင်အမေရိက နိုင်ငံတွေအနေနဲ့လည်း ထရမ့်ရဲ့ အမိန့်အာဏာနဲ့ ခြိမ်းခြောက်မှုတွေကို သတိကြီးကြီးထား တုံ့ပြန်နေရတယ်လို့ ဗင်နီဇွဲလားလေ့လာသုံးသပ်သူ ပီနာက Al Jazeera ကို ပြောပါတယ်။
ဒီအထဲမှာ ကိုလံဘီယာနဲ့ ကျူးဘား၊ နီကာရာဂွါ၊ ဘိုလီဗီးယား၊ ဟွန်ဒူးရပ်စ်နဲ့ ကာရေဘီယံကျွန်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ဒေသတွင်း အစုအဖွဲ့ ALBA (Bolivarian Alliance for the Peoples of Our America) တို့ကတော့ ခြွင်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ပုံမှန်အခြေအနေမှာ အမေရိကန်ရဲ့ စွက်ဖက်မှုတွေဟာ လက်တင်အမေရိကအစိုးရတွေနဲ့ အမေရိကန်နိုင်ငံအကြား တင်းမာမှုကို ဦးတည်စေမှာ ဖြစ်ပေမဲ့ လက်ရှိ ဗင်နီဇွဲလားသမ္မတ မာဒူရိုရဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လက အငြင်းပွားဖွယ် ရွေးကောက်ပွဲကတဆင့် အာဏာဆက်လက်ရယူမှုအပေါ် အခြားလက်တင်အမေရိက နိုင်ငံအတော်များများက သတိထားဆက်ဆံတဲ့ ပုံစံတွေ ပြခဲ့ကြပါတယ်။
မာဒူရိုဘက်က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ သမ္မတ ရွေးကောက်ပွဲပြီးနောက် အခြားနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးတွေကို ဖြတ်တောက်ခဲ့မှုဟာလည်း အခုလို အခြေအနေကို ဖြစ်စေတဲ့ အကြောင်းရင်းတရပ်လို့ ပီနာက သုံးသပ်ပါတယ်။
ဗင်နီဇွဲလားရဲ့ ၂၀၂၄ ရွေးကောက်ပွဲဟာ မသမာမှု အများအပြားရှိခဲ့တယ်လို့ ပြည်တွင်းပြည်ပက ဝေဖန်သံတွေစုံခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ဗင်နီဇွဲလားနဲ့ သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့တဲ့ အမေရိကန်အပါအဝင် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေက ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့ပါဘူး။
၂၀၂၄ ခုနှစ် ဇူလိုင်လမှာ Carter Center နဲ့ UN တို့က ဗင်နီဇွဲလား ရွေးကောက်ပွဲ ရလဒ်တွေဟာ မျှတမှုနဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ မရှိခဲ့တာကြောင့် အတည်မပြုနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ အမေရိကန်လိုလားတဲ့ လက်တင်အမေရိက ၉ နိုင်ငံကလည်း လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေရဲ့ သုံးသပ်အကဲဖြတ်မှု လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီတော့ လက်ရှိဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဗင်နီဇွဲလားနဲ့ အမေရိကန်တို့အကြား ငြိမ်းချမ်းရေးလက္ခဏာဆောင်တဲ့ စကားဝိုင်းဆွေးနွေးပွဲနဲ့ အဖြေရှာဖို့ ကြားဝင်ဖျန်ဖြေတဲ့ နိုင်ငံတွေ ရှိလာနိုင်တယ်လို့ ပီနာက ယူဆပါတယ်။ ဒါပေမဲ့ ဒီအခြေအနေထိ ရောက်ဖို့ နှစ်ဖက်စလုံးရဲ့ အပြုအမူက ဝေးကွာနေဆဲ ဆိုတာ ပြနေတယ်လို့ ဆိုပါတယ်။
ဖြစ်နိုင်တာက အမေရိကန်စစ်တပ်နဲ့ ရေတပ်အင်အားကို ထပ်မံတိုးချဲ့ချထားပြီး မာဒူရိုကို ရာထူးကနေ ဆင်းပေးဖို့ အမေရိကန်အစိုးရက ဆက်လက်ဖိအားပေးနေနိုင်ပါတယ်။ မာဒူရိုဘက်ကလည်း အစွမ်းကုန် ခုခံတွန်းလှန်မယ့်ပုံပါ။
တကယ်လို့ စစ်ပွဲဖြစ်ခဲ့ရင်တော့ အခြားလက်တင်အမေရိက နိုင်ငံတွေအပေါ်လည်း အကျိုးသက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားကို အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရေနံနိုင်ငံတွေအပေါ် နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားတဲ့ အမေရိကန်စီးပွားရေး အကျပ်အတည်းကြောင့်၂၀၁၄ ခုနှစ်ကစလို့ ပြည်သူ ၈ သန်းကျော် နိုင်ငံပြည်ပကို ရွှေ့ပြောင်းထွက်ခွာပြီး ဖြစ်ပါတယ်။
“တကယ်လို့ နှစ်ဖက်စလုံးက ထိပ်တိုက်ရင်ဆိုင်ဖို့ လုပ်မယ်ဆိုရင်တော့ နောက်ထပ် ရွှေ့ပြောင်းမှု လှိုင်းကြီး ပေါ်လာဦးမှာပါ။ ဘယ်လောက်များတဲ့ ရွှေ့ပြောင်းမှုဖြစ်မလဲဆိုတာကတော့ မခန့်မှန်းနိုင်သေးပါဘူး” လို့ ပီနာက ဆိုပါတယ်။
ဘာသာပြန်သူ- အက္ခရာ
(Al Jazeera သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ Elizabeth Melimopoulos နဲ့ Sarah Shamim တို့ ပူးပေါင်းရေးသားတဲ့ “Trump approves CIA operations in Venezuela: What we know, and what’s next” ကို ဘာသာပြန်ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ )
0 comments
0 shares
22
views
No comments yet.